Monday, July 8, 2013

ကျနော်ဆယ်တန်းဖြေပြီးခါစက

ကျနော်ဆယ်တန်းအောင်ခါစက ဂစ်တာသမားဖြစ်ချင်ခဲ့တယ်...။ အပေါင်းအဖော် သူငယ်ချင်းတို့က အခုဆို ..မလေးကို လိုက်သွားတယ်...။ တစ်ယောက်ကတော့ ... ကျနော်တို့ မြို့မှာပဲ ရှိနေဆဲပါ...။ ချောင်ဘွန်နှင့် ကျဲအိုတို့က ကျနော့်ကို ဂစ်တာမတောက်တခေါက်တီးတတ်ဖို့ သင်ပေးခဲ့တဲ့ ဆရာသမားတွေလေ...။ အခု သူတို့ အရမ်းကြိုက်တတ်တဲ့ သီချင်းလေးတစ်ပုဒ် အခုမှ နားထောင်ဖူးတာပါ..။ သူတို့ ဆိုတာ အရမ်း နှစ်ခြိုက်ခဲ့တယ်..။ သူတို့မှာ အနုပညာအသံတွေနဲ့ ဖမ်းစားတတ်တယ်... ။ လပြည့်ညတွေမှာ သုံးယောက်အတူ ဆုံကာ သီချင်းကို အော်ဟစ်ခဲ့ကြတယ်...။ ကျနော်က သံစဉ်မမှန်တဲ့ အသံပြဲနဲ့ အော်တတ်သူ... ဂစ်တာကိုလည်း အသံထွက်အောင်သာ တီးတတ်ခဲ့သူ... ။ သာယာနာပျော်ဖွယ်ဖြစ်အောင် မတီးတတ်ခဲ့...။ သူတို့ တွေ သင်ပေးခဲ့တယ်...။ ကျနော် တတ်ချင်လွန်းခဲ့တယ်...။ အချိန်က မတူညီကြ...။ သူတို့နဲ့ခင်ခါစက ကျနော်က ကျောင်းသားဂိုက်လေ..။ ဆယ်တန်းကျောင်းသားဂိုက်ဆိုတော့ ...။ ၁၀ ခွဲ ၁၁ လောက်မှ အိမ်ပြန်ရောက်... သူတို့နဲ့ အော်ဖို့က ရပ်ကွက်ခွင့်ပြုချိန်...၁၁ခွဲ...။ နာရီဝက်လောက်သာ အတူတူ အော်ဟစ်ခွင့်ရခဲ့ပါတယ်..။ မေ့ပစ်မရတဲ့ ညလေးတွေမှာ... သူတို့ကို လွမ်းမိတယ်...။ သူတို့နဲ့အတူ လွတ်လပ်စွာ အော်ဟစ်ချင်သေးပါတယ်...။ ကိုဂရေဟမ်ဆိုပြီး ကိုအိုင်ပီက ရေးထားသော ဧပရယ်ညသီချင်းလေးပေါ့ ... ။ ချောင်းဘွန်က ဆိုတယ်..။
“နွေဦးညများ လေညင်းရယ် တိုက်ခတ်သွား ... ပူလောင်တဲ့အလွမ်း ငါ့အတွက် ယူလာတယ်...
ကြင်နာသူ မင်းလေးမရှိတဲ့ဘ၀ရဲ့အချိန်များ ရင်မဆိုင်ရဲ ....အိုး... ကိုယ့်ရဲ့အခန်းထဲ ၀င်လာ ဧပရယ်ညရယ်.... အပြာရောင် အမှောင်ရိပ်ထဲက မင်းအသံလား ...စွဲလမ်းမှုနဲ့... ပြန်လည် သတိရမိတဲ့ နွေည .... အားးးးးးးးးးးးးး အိပ်မက်များလား အဖြေကို ရှာဖွေမရပါ... ဂစ်တာသံစဉ်လေးသာ ပျံလွင့်လို့သွား ...မေ့ဖျောက်လို့မရ .. ဒီလို တိတ်ဆိတ်ညရဲ့အလယ်ထဲ ... ဧပရယ်ညရယ်...” ကိုကျဲအိုက ဘေ့စ် ထုတယ်... မောင်သက်ကတော့ အခန့်သားနဲ့ နားသောတဆင်တယ်... တခတလေ... ကိုယ်ထင်ရာ အော်တယ်...။ စာသားတွေမှား ကီးတွေချော်နဲ့... သူတို့ကတော့ မဆိုတတ်တာကို အပြစ်မဆို... ဆိုတတ်အောင် သံစဉ်တွေအကြောင်းပြောခဲ့တယ်... ကျနော် နားမလည်ခဲ့... အခုထိတိုင် နားမလည်သေးပါ...။ ဂစ်တာနဲ့လည်း ဝေးကွာသွားတာ သုံးနှစ်ခန့်... ကြားထဲမှာ တစ်ခါတစ်လေ တီးဖြစ်တယ်..။ ဒါပေမယ့် ကိုယ်တီးတာကို သဘောမတွေ့ ... ဆရာချောင်တို့ ဆရာကျဲအိုတို့ တီးတာကိုသာ နားဆင်ကာ မှေးစက်ချင်မိတယ်...။ဆရာချောင်ရဲ့ လက်သံလေးကို နားဆင်ချင်မိသေးပါရဲ့....။
အဆင်ပြေပါစေ ဆရာချောင်ဘွန်...။ သူငယ်ချင်းဒီမိုဦးနှင့် သမီးချော သမီးချောတို့မှ တဆင့် သိရှိနိုင်ပါစေ ...။

No comments:

Post a Comment