Monday, April 30, 2012

ညီမလေးများ သတိထား

ညီမလေးက Chatting ၀င်တာ အရမ်းဝါသနာပါသည်။ အားသည်နှင့် Internet Cafe သို့ အမြဲရောက်နေသည်။ မအားလျှင်လည်း ကျောင်းလစ်၍ Chatting ၀င်သည်။ Chatting သည်သာ ညီမလေးရဲ့ပျော်မွေ့ရာ။ ညီမလေးရဲ့ ကမ္ဘာဖြစ်သည်။

ကဖေးသို့ရောက်သည်နှင့် ညီမလေးရဲ့ G-talk Account ကိုစဖွင့်သည်။ ချိန်းထားတဲ့သူငယ်ချင်းများနဲ့ စကားပြောသည်။ ရင်းနှီးသောသူငယ်ချင်းများနှင့် VZO ပြောသည်။ VZO ဆိုတာက ကွန်ပျူတာမော်နီတာမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မြင် ပြောဆိုရသည့်စနစ် ဖြစ်သည်။

Add လုပ်ထားသည့် Account တွေ့လျှင်လည်း Accep လုပ်သည်။ လက်ခံစကားပြောသည်။ သည်လိုနှင့် On Line ပေါ်က သူငယ်ချင်းတွေ များလာ သည်။ VZO ကတော့ လူတိုင်းကိုမပြော။ အစပိုင်းမှာတော့ စာနဲ့သာပြောသည်။ တဖြည်းဖြည်း ရင်းနှီးလာမှ အသံချင်း ဖလှယ်ပြောသည်။ အရမ်းရင်းနှီးလာလျှင် တော့ VZO Chat သည်။ ညီမလေးမှာ VZO Chat လုပ်တဲ့ သူငယ်ချင်း များများ စားစား မရှိ။

ညီမလေး Chatting ၀င်နေရလျှင် အရမ်းပျော်သည်။ သို့သော်လည်း မီးပျက်သည့် အချိန်များကိုတော့ ညီမလေး အရမ်းမုန်းမိသည်။ မီးစက်ဖွင့် ပေးသော ဆိုင်ကို ညီမလေး ဦးစားပေးသွားလေ့ရှိသည်။ Cahtting သည် ညီမလေးရဲ့ အသက်မဟုတ်ပါလား။

တစ်နေ့ ညီမလေး ကိုကို့ကို On Line ပေါ်တွင်တွေ့သည်။ ကိုကို Add လုပ်ထားသည်ကို ညီမလေး Accept လုပ်သည်။ သည်လိုနှင့် ညီမလေးနှင့် ကိုကို နေ့စဉ်လိုလို စကားပြောဖြစ်သည်။

“ဟိတ်၊ နာမည်ပြောပါဦး”

“Account အတိုင်းပဲလေ”

“သူ့နာမည်လဲပြောလေ”

“ဒို့ နာမည်က ကိုကိုတဲ့ ယုံလား”

“ဒို့ နာမည်ကလဲ ညီမလေးတဲ့ ယုံလား”

ကိုကိုနှင့် စကားပြောရသည်ကို အခြားသူငယ်ချင်းတွေထက် ညီမလေး ပိုလို့ စိတ်ဝင်စားမိသည်။

“ညီမလေးက ကျောင်းတက်တုန်းလား ဟင်”

“နောက်ဆုံးနှစ် စီးပွားရေးလေ”

“ရန်ကုန်ကလား”

“ဟင့်အင်း၊ နယ်က၊ ဘော်ဒါနေတာ။ ကိုကိုရော”

“ကုမ္ပဏီမှာ တိုလီမိုလီပေါ့”

“ဟင်း..ဟင်း တိုလီမိုလီက Chatting ၀င်နိုင်တယ်နော်”

“၀င်နိုင်တာပေါ့။ ကုမ္ပဏီပိုင်ရှင်က ကိုကို့အစ်မ ယောက်ျားလေ”

“ဒါဆို ဘာလုပ်ရလဲ”

“ယောက်ဖကြီးခိုင်းတာ အကုန်လုပ်ရတာပေါ့။ Production လည်းဝင်ရ တယ်။ Marketing လည်း ပါရတယ်။ အားလုံး တိုလီမိုလီပါပဲ”

“လစာကောင်းလား”

“လစာတော့ မကောင်းပါဘူး။ အစ်မဆီ တောင်းသုံးလိုက်၊ အမေ့ဆီက ယူသုံးလိုက်ပေါ့။ Chatting ၀င်ဖို့လောက်တော့ရပါတယ်။”

ညီမလေး ကိုကို့ကို တွေ့ချင်မိသည်။ တစ်ခြားသူငယ်ချင်းတွေကိုတောင် ဒီလောက် စိတ်မ၀င်စားမိတော့ပါ။

“ကိုကိုက လန်းလားဟင်”

“လန်းရုံတင် ဘယ်ကမလဲ၊ ဂွမ်းတောင် ဂွမ်းသေး”

“မယုံပါဘူး”

“ဒါဆို VZO Chat မယ်လေ”

သည်လိုနှင့် ညီမလေးနှင့် ကိုကို On Line ပေါ်တွင် တစ်ယောက်ကို တစ်ယောက် မြင်ဖူးတွေ့ဖူးခဲ့ကြသည်။ ကိုကိုက နေတိုးလိုလည်း ချောသည်။ လူမင်းလိုလည်း ခန့်သည်။ ပြေတီဦးလိုလည်း ချစ်စရာကောင်းသည်။ ညီမလေး ဘက်က ကိုကို့ကို တိတ်တခိုး တစ်ဖက်သတ်စွဲလန်းမိလာသည်။

ကိုကိုက အပြင်မှာ တွေ့ရန်ချိန်းဆိုသည့်အခါ ညီမလေး မငြင်းတော့ဘဲ လက်ခံတွေ့ဆုံလိုက်သည်။ အပြင်က ကိုကိုက Line ပေါ်က ကိုကိုထက် ပိုတောင်ခန့်ငြားသေးသည်။ အပြောလည်းကောင်းသည်။ အဆင်အပြင်ကလည်း အလွန်ပင်လန်းပါသည်။ မတ်တူးအဖြူလေးဖြင့် ညီမလေးကိုCoffee Shop တွေ ခေါ်သွားသည်။ နှစ်ယောက်အတူ ဘုရားလည်းသွားသည်။ ရုပ်ရှင်လည်း ကြည့်သည်။

ဤသို့ဖြင့် ညီမလေး ကျောင်းပင်မပြီးဆုံးသေး၊ ဘ၀ကိုတော့ ကိုကို့ လက်ထဲသို့ အဆုံးစွန်ထိပေးလိုက်မိပေတော့သည်


တစ်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ရုံးတွင် အသက်နှစ်ဆယ်စွန်းစွန်း မိန်းမပျိုလေး တစ်ဦး ရောက်နေသည်။ သူ့အသွင်က ညှိုးညှိုးငယ်ငယ်။ တစ်စုံတစ်ခုကို နောင်တရနေသလို၊ တစ်စုံတစ်ယောက်ကို မကျေမနပ် ဖြစ်နေပုံရသည်။ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စက်ဆုပ်ရွံ့ရှာခြင်းများကိုလည်း တစ်ပြိုင်နက် တည်း ခံစားနေရပုံပေါ်သည်။

တာဝန်ရှိသည့် ၀န်ထမ်းတစ်ဦးက ညီမလေးကို ညင်သားစွာဖေးမကူညီ ပေးသည်။ အားပေးနှစ်သိမ့်သည်။ ညီမလေး၏ စိတ်ရိုင်းများ တည်ငြိမ်မှသာ အကျိုးအကြောင်းမေးကြည့်ရသည်။ ညီမလေးကလည်း သူနှင့် ကိုကိုတို့ ဆုံဖြစ် ကြပုံကို ပြောပြသည်။

တကယ်တော့ ကိုကိုမှာ ညီမလေးဘ၀တွင် တကယ်မရှိသူ၊ တကယ်မသိ သူသာဖြစ်သည်။ On Line ပေါ်တွင် Chatting ၀င်ရာက သိကျွမ်းခင်မင်ရင်းနှီးခဲ့ ကြသည်။ နှစ်ဦးသား ချစ်သူဘ၀ရောက်ကြသည်။ ညီမလေး အရမ်းပျော်ခဲ့သည်။ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင် မခွာရက် ဖြစ်ခဲ့ကြသည်။

တစ်နေ့တွင် ကိုကိုက ညီမလေးကို လက်ထပ်ရန် အရေးဆိုလာသည်။ သူတို့ နှစ်ဦး၏ချစ်ခြင်းကို ကိုကို၏ မိခင်သိသွားသဖြင့် အလွန်စိတ်ဆိုးသွားသည်။ ကိုကို့ကို လူကြီးချင်းသဘောတူထားသည့် သူတို့အသိုင်းအ၀ိုင်းက မိန်းကလေး နှင့် ထိမ်းမြားပေးရန် စီစဉ်နေသည်ဟု ဆိုသည်။ ကိုကိုက ညီမလေးနှင့် မခွဲနိုင်ဟု ပြောသည်။

သူတို့နှစ်ဦး တရားရုံးတွင် လက်ထပ်ကြမည်။ ပြီးလျှင် တစ်နေရာရာမှာ ရှောင်နေမည်။ မိခင်ကြီး စိပြေမှ ပြန်လာပြီး နှစ်ဖက်မိဘများနှင့် တိုင်ပင်မည်။ ကြီးကြီးကျယ်ကျယ် မင်္ဂလာဆောင်ကြမည်ဟု ကိုကိုက ပြောသည်။ တစ်လ နှစ်လထက် ပိုမကြာစေရ၊ ကိုကို့ကို အချစ်ဆုံးမို့ မိခင်ကြီးက သေချာပေါက် လက်ခံမည်ဟု ကိုကိုက ကတိပေးရှာသည်။

ညီမလေးကလည်း ကိုကို့ကိုချစ်သည်။ ကိုကိုကလည်း ညီမလေးကို ချစ်သည်။ သို့နှင့် သူတို့နှစ်ဦး တရားရုံးတစ်ခုမှာ လက်မှတ်ရေးထိုးလိုက်ကြ သည်။ ကိုကိုက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ကို သွားမည်ဟုပြောသည်။ ဟိုမှာ ကိုကို့ သူငယ်ချင်းတွေရှိသည်တဲ့။

ညီမလေး နယ်ကမိဘများကို စဉ်းစားမိသည်။ လတ်တလောအသိပေး၍ မဖြစ်သေး။ နောက်ပိုင်း ကိုကို့မိခင်ကြီးနှင့်အဆင်ပြေသွားမှ အသိပေးရမည်။ တစ်လ နှစ်လ ဆိုတာ ဘာမှကြာတာမဟုတ်ဟု တွေးလိုက်မိသည်။

ညီမလေးနှင့် ကိုကိုတို့ မူဆယ်ကိုရောက်ကြသည်။ အေးချမ်းသာယာသည့် ရှမ်းပြည်နယ်၏အလှကို ညီမလေးခံစားရသည်။ မရောက်ဘူးသောအရပ်မို့ စိတ် လည်းဝင်စားသည်။ သူတို့နှစ်ဦး၏ ပျားရည်ဆမ်းခရီး မူးဆယ်က ဟိုတယ်တစ်ခု တွင် တည်းခိုရင်း ရှမ်းတို့ဒေသ အလှအပကို ခံစားရင်း ရှမ်းအစားအစာများ နှစ် နှစ်သက်သက် စားခဲ့သည်။

ကိုကို့ သူငယ်ချင်းက ခရီးလွန်နေသည်တဲ့လေ။ ဟိုဘက်ကမ်း ရွှေလီကို သွားသည်တဲ့။

သူတို့နှစ်ဦး ရွှေလီဘက်ကို လိုက်သွားကြသည်။ ကိုကိုက စီးပွားရေး လုပ်ငန်းသမားဆိုတော့ ရွှေလီဘက်မှာလည်း အသိအကျွမ်းတွေရှိသည်။ ကိုကို့ မိတ်ဆွေတစ်ဦးအိမ်တွင် တည်းခိုရင်း ဒေသထွက်ပစ္စည်းများကို လိုက်ကြည့်ကြ သည်။ အနည်းအကျဉ်းဝယ်ကြသည်။

ကိုကို့သူငယ်ချင်းများကို ရွှေလီတွင် မတွေ့သဖြင့် အတွင်းပိုင်းမြို့တစ်မြို့ ထိ လိုက်သွားကြသည်။ ထိုမြို့တွင်လည်း ကိုကို့အသိရှိသည်။ အသိအိမ်တွင် တည်းခိုကြသည်။ တစ်ညအိပ်ပြီး နောက်တစ်နေ့တွင် ကိုကိုထွက်သွားသည်။ ပြန်မလာတော့ပါ။ ပျောက်သွားသည်ဟု ပြောရပါမည်။ ပြန်မတွေ့တော့ပါ။ ထိုအိမ်တွင် ညီမလေးတစ်ယောက်ထဲ။

ထိုအချိန်မှစ၍ ညီမလေးဘ၀ နွံနစ်ခဲ့ရလေပြီ။ အမှန်မှာ ကိုကိုနဲ့ ချစ်ကြိုက် မိကတည်းကပင် ညီမလေးဘ၀ နွံနစ်ခဲ့ရသည်ကို ညီမလေးမသိလိုက်ပါ။ အိမ်ရှင် က ညီမလေးကို အပိုင်သိမ်းသည်။ ညီမလေး လက်မခံတော့ အကြမ်းဖက်သည်။ ကိုကို့အားကိုးနှင့်ပြောတော့ နင့်လူက နင့်ကို ဒို့ဆီမှာ ရောင်းစားသွားတာတဲ့။ သည်တော့မှ ညီမလေး ရိပ်မိတော့သည်။

ပထမအိမ်ရှင်က ညီမလေးကို အသုံးတော်ခံဘ၀သို့ ပို့ပေးသည်။ ပြီးတော့ နောက် တစ်ယောက်ထံ လွှဲပေးသည်။ တကယ်တော့ တစ်ဆင့်ရောင်းလိုက်ခြင်း ပါ။ ညီမလေး နောက်တစ်ယောက်ကို ဆက်အသုံးတော်ခံရသည်။ ငြင်းဆန်၍မရ။ သူတို့အလိုမကျလျှင်၊ ရိုက်နှက်၊ ညှင်းပမ်း၊ ထမင်းမကျွေးဘဲ အခန်းထဲတွင် ပိတ်လှောင်ထားသည်။ တိုင်းတစ်ပါးသားတို့၏ မှောင်ခိုသောအခန်းထဲတွင် ညီမ လေးဘ၀အလင်းရောင် ပျက်ခဲ့ရလေတော့သည်။

လောကကြီးတွင် လူမသမာများရှိသလို စာနာထောက်ထားတတ်သူများ လည်း ရှိသည်။ စာနာတတ်သူများ၏ ဖေးမကူညီမှုဖြင့် ညီမလေး အမိနိုင်ငံသို့ ပြန်ရောက်ရပါသည်။ သို့သော် ညီမလေး ခေါင်းဖော်နိုင်သောဘ၀ မရှိတော့။ ဖြူစင်ရှင်းသန့်သောဘ၀မဟုတ်တော့။ လန်းဆန်းသောဘ၀မဟုတ်တော့။ ညီမ လေး၏ ဘ၀နွမ်းနေပေပြီ။

ညီမလေး On Line တွင် Chatting ၀င်ရာမှတွေ့ခဲ့သော ကိုကိုမှာ လက်တွေ့ဘ၀တွင် တကယ်မရှိ။ တာဝန်ရှိသူများ လိုက်လံစုံစမ်းသည့်အခါ သူပြောသော သူတို့ကုမ္ပဏီဆိုသည်မှာ သူတို့ ကုမ္ပဏီမဟုတ်။ ထိုကုမ္ပဏီမှာ သူ့နာမည်မရှိ။ သူစီးသော မတ်တူးကားမှာလည်း လိုင်စင်မဲ့ကား။ သူ့ကိုရှာ မတွေ့တော့။

မြန်မာနိုင်ငံရဲ့ဓလေ့မှာတော့ တစ်ဦးနဲ့တစ်ယောက် သုံးနှစ်သုံးမိုးအကဲခတ် ပြီးမှ အိမ်ထောင်ဖက်အဖြစ် ဆုံးဖြတ်ကြသည်။

ညီမလေးတို့ကတော့ Chatting မှာတွေ့ပြီး နောက်ကြောင်းလည်းမသိ၊ တဒင်္ဂပေါ်လာသည့် စိတ်ခံစားမှု အလိုကိုလိုက်ပြီး ချစ်ကြိုက်ခဲ့သည်။ ဒီတော့ Chatting ညီမလေး မလန်းတော့ပါ။ ညီမလေး နွမ်းနေပါသည်။

Chatting ညီမလေးများ သတိထားကြပါလို့ ညီမလေး ရင်နာနာနှင့် သတိပေး လိုက်ရပါသည်။

No comments:

Post a Comment