Saturday, May 25, 2013

ဆရာကပေးသော မက်စေ့လေးများ (၁)

ကမ္ဘာလောကကြီးရေ....
တို့ကလေးရေ ဒီနေ့ ကျောင်းဆင်းကြတော့မယ်။ ကာလအတန်ကြာတဲ့အထိ မင်းကို သူတို့နားလည်နိုင်ကြဦးမှာ မဟုတ်ဘူး။ မင်း သူတို့ကို

ကြင်ကြင်နာနာ ဆက်ဆံပေးပါလို့ ငါ မေတ္တာရပ်ခံချင်တယ်။
မင်းသိတဲ့အတိုင်း သူတို့က လောလောဆယ် အချိန်ထိ ကိုယ့်အိမ်မှာ ကိုယ် ဗိုလ်လုပ်နေခဲ့ကြတယ်။ သူတို့ ခံစားချက်တွေ ဝေဒနာမှန်သမျှ

မိဘက မပြတ်အကဲခတ်ပြီး ဖြေဖျောက်ပေးကုစားပေးနေခဲ့တာ။ နက်ဖြန် သန်ဘက်က စပြီး အခြေအနေတွေက လုံးဝ ခြားနားသွားတော့မှာ။

အရင်တစ်ခါက မကြုံဖူးတဲ့ စွန့်စားခန်းအသစ်တစ်ခု စတင်ရတော့မှာ။ ဒီစွန့်စားခန်းခရီးမှာ ဒုက္ခအဆင်းအရဲတွေ

ဝမ်းနည်းကြေကွဲစရာတွေလည်း ကြုံရလိမ့်မယ်။ သူနိုင် ငါနိုင် ယှဉ်ပြိုင်ရတဲ့ တိုက်ပွဲတွေလည်း ဆင်နွှဲရလိမ့်မယ်။ ဒီခရီးလမ်းကို

လျှောက်လှမ်းနိုင်ဖို့အတွက် သူတို့မှာ ယုံကြည်မှုတွေ မေတ္တာတရားတွေ ခံနိုင်ရည်တွေ သိနားလည်မှုတွေ အများကြီးလိုအပ်လိမ့်မယ်။
ဒါကြောင့်မို့ သူတို့လေးတွေကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံနေ၇တာပဲ ကမ္ဘာလောကကြီးရေ။
သူတို့သိသင့်သိထိုက်တဲ့အရာတွေ သိအောင်တတ်အောင် သင်ပြပေးစမ်းပါ။ ဒါပေမယ့် ကျေးဇူးပြုပြီး တတ်နိုင်သမျှ ညှာညှာတာတာတော့

ကိုင်တွယ်ပါနော်။
လောကကြီးမှာ လူတိုင်း သမာသမတ်ရှိတာ မဟုတ်ဘူး။ တရားသဖြင့်လုပ်နေတာ မဟုတ်ဘူး၊ မမှန်မကန်နဲ့ လူတွေလည်း ရှိတယ်ဆိုတာ သူတို့

သိဖို့ လိုသေးတယ်။ ဒါပေမယ့် လူဆိုးတစ်ယောက်ရှိတိုင်း ဇာတ်လိုက်လူစွမ်းကောင်းတစ်ယောက်တော့ ရှိတယ်။ လိမ်ညာကောက်ကျစ်တဲ့

နိုင်ငံရေးသမားတစ်ယောက်ရှိတိုင်း လေးစားကြည်ညိုစရာကောင်းတဲံ နိုင်ငံရေးခေါင်းဆောင်ကောင်း ရှိတယ်။ ကိုယ့်ကို ဒုက္ခပေးမယ့်

ရန်သူတစ်ယောက်ရှိတိုင်း ကိုယ့်ကို ကူညီရိုင်းပင်းမယ့် မိတ်ဆွေတစ်ယောက်တော့ ရှိတယ် ဆိုတာလည်း သင်ကြားပေးစေချင်တယ်။
အချိန်တော့ ပေးရမှာပေါ့ လောကကြီးရေ။ ဒါပေမယ့် ကိုယ်တိုင်ရှာ ငွေတစ်ကျပ်ဟာ အလကားရတဲ့ ငွေတစ်ရာထက်

တန်ဖိုးရှိတယ်ဆိုတဲ့အကြောင်း အရှုံးကို အပြုံးမပျက် ခံယူတတ်မှ အောင်နိုင်ချိန်မှာ ပြည့်ပြည့်၀၀ ပျော်ရွှင်နိုင်မယ်ဆိုတဲ့ အကြောင်းတွေလည်း

သူတို့ သိနားလည်အောင် ဆောင်ရွက်ပေးစေချင်တယ်။
ဖြစ်နိုင်ရင် သူတို့မှာ ၀န်တိုမစ္ဆေရစိတ်တွေ ကင်းစင်အောင၊ သူတစ်ပါးရဲ့ အဆင်ပြေမှု၊ အောင်မြင်မှုအတွက်လည်း မုဒိတာ ပွားတတ်အောင်

သင်ကြားပေးစေချင်တယ်။ မအောင်မြင်မှုနဲ့ ကြုံတွေ့ရတဲ့အခါမျိုးမှာ အရှုံးဒါဏ်ကို ကြံ့ကြံ့ခံနိုင်တဲံ ဇွဲ၊သတ္တိ ရှိဖို့နဲ့ အောင်မြင်တဲ့အထိ

ဆက်ကြိုးစားမယ်ဆိုတဲ့ စိတ်ဆန္ဒဆက်လက်ပြင်းပြနေတတ်ဖို့လည်း သင်ကြားပေးပါ။ ပြီး သိမ်မွေ့သူကို သိမ်မွေ့စွာ ဆက်ဆံတတ်ဖို့၊

မာကျောသူနဲ့ တွေ့တဲ့အခါ ကိုယ်လည်း မာကျောနိုင်ဖို့ လမ်းညွှန်ပေးပါ။
အများနောက် ယောင်မလိုက်ဘဲ ကိုယ့်အသိဥာဏ်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ အလုပ်လုပ်တတ်ဖို့၊ ဘယ်သူ့စကားကိုမှ နားပိတ်မထားသော်လည်း

ကြားသမျှကိုတော့ အမှန်တရားဆိုတဲံ ဆန်ခါနဲ့ စစ်ပြီမှ လက်ခံမှတ်သားတတ်ဖို့၊ ၀မ်းနည်းကြေကွဲချိန်မှာလည်း အပြုံးမပျက် နေတတ်ဖို့၊

သို့သော် မျက်ရည်ကျခြင်းကိုလည်း ရှက်စရာလို့ မယူဆဖို့၊ ပြီး တစ်ခါတစ်ရံ ရှုံးနိမ့်ခြင်းမှာလည်း ဂုဏ်ကျက်သရေ ရှိနေတတ်ပြီး

အောင်မြင်လျက် စိတ်ပျက်ရခြင်း ဆိုတာမျိုးလည်း ရှိကြောင်း သိရှိဖို့ကိုပါ သင်ကြားပေးစေချင်တယ်။
အမြဲမကောင်းပြောတတ်တဲံ လူတွေကို ဂရုမစိုက်ဖို့ စကားချိုလွန်းတဲ့သိုကို သတိထားဖို့ ။
ကိုယ့်ရဲ့ ဦးနှောက်နဲ့ ကြွက်သားကို ကြေးအမြင့်ဆုံး ပေးသူထံ ရောင်းချတတ်ဖို့၊ ဒါပေမယ့် နှလုံးသားနဲ့ ၀ိဥာဏ်ကိုတော့ ဘယ်တော့မှ

ဈေးနှုန်းမသတ်မှတ်ဖို့တွေလည်း သင်ဖို့ လိုလိမ့်မယ်။
အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်နဲ့ သူတစ်ပါး နှိုင်းယှဉ်တာမျိုး မလုပ်ဖို့လည်း သင်ပြပေးစေချင်တယ်။ ဘာကြောင့်လည်း ဆိုတော့

လောကကြီးမှာ ကိုယ့်ထက်ကြီးကျယ်တဲ့သူ၊ ကိုယ့်ထက် နိမ့်ပါးတဲံသူတွေဆိုတာ အမြဲရှိနေမှာ မဟုတ်လား။ ကိုယ့်စံချိန် ကိုယ်ချိုးနိုင်အောင်၊

ကိုယ့်ယခင် ဆောင်ရွက်ချက်တွေထက် ထူးခြားသာလွန်အောင် ပြိုင်ဆိုင်ကြိုးစားဖို့သာ သူတို့ကို သင်ကြားစေချင်တယ်။
ပြီးတော့ လောကကြီးမှာ တစ်ခါတစ်ရံ အလောင်းအစားလုပ်ရတဲ့ အခါမျိုးရှိသလို အံစာတုံးလို လက်လွဲပေးလိုက်ရတဲံ အခါမျိုးလည်း

ရှိတယ်ဆိုတာ သူတို့ သိဖို့ လိုလိမ့်မယ်။
လောကကြီးရေ... သူတို့ကို ကြင်ကြင်နာနာ ဆက်ဆံပါကွာ။ ဒါပေမယ့် အလိုတော့ မလိုက်နဲ့၊ သိပ်လည်း မျက်နှာသာမပေးနဲ့၊

ဘာကြောင့်လဲဆိုတော့ မီးဒဏ်ကို နာနာခံပြီးမှ အသားကောင်းတဲ့ သံမဏိဖြစ်မှာကိုး..။ဒီအတွက် သူတို့မှာ မိမိကိုယ်ကို ယုံကြည်တဲ့စိတ်၊

ထက်သန်ပြင်းပြစွာရှိဖို့ မွေးမြူလေ့ကျင့်ပေးပါ၊ ကိုယ့်ကိုယ်ကို ယုံကြည့်စိတ်ရှိမှ လူသားတစ်ရပ်လုံးအပေါ် ယုံကြည်တဲ့စိတ် သူတို့မှာ

ကိန်းအောင်းလာလိမ့်မယ်။
မှာလိုက်တာတွေက သိပ်များနေပြီလားပဲ လောကကြီးရေ။ ဒါပေမယ့် မင်းတတ်နိုင်သမျှတော့ လုပ်ပေးနော်။ သူတို့က နုနယ်သေးတဲ့

လူငယ်လေးတွေ... ငါတို့ရဲ့ ကလေးတွေပါ...။

 ဒီစာလေးက စာရေးဆရာဖေမြင့်၏ နှလုံးသားစာအာဟာရများ စာအုပ်မှ ကူးယူပါတယ်။ အဲဒီစာကလေးကို သတိပြုမိအောင် ပြောပြပေးသူက ကျွန်တော့်ဆရာ (စာကြည့်တိုက်မှူး)မှ ရိုက်ခိုင်းရင်း ကျွန်တော်နှစ်ခြိုက်မိရင်း အတွေးထပ်ဆင့်ပွားနိုင်စေရန် တင်ပေးလိုက်ရပါတယ်ခင်ဗျာ။

No comments:

Post a Comment