Saturday, May 25, 2013

မျက်ရည်ဒဿန


အသွင်သစ်နဲ့စံမျှောနေတဲ့အငယ်။
အတ္တတွေ ၊ မာနတွေကိုသောက်သုံးခြင်းကိုနှစ်ခြိုက်သွားတဲ့ အငယ်။
ငါကိုယ်တိုင်လည်း အတ္တကို သုံးစွဲခဲ့တယ်။ ပျော်ရွှင်စရာတွေ ပျက်သုဉ်းနေတဲ့
ဒီခန္ဒာကို  ငါမက်မောစွာထွေးပွေ့ခဲ့တယ်။ တစ်စ... တစ်စ...
အိပ်ရေးပျက်ပေါင်းက မနည်းတော့ဘူး။ ရင်ခုန်သံကို ကြိုလင့်ဖို့ ခွန်အားတွေက
တုံ့ဆိုင်းသွားခဲ့တယ်။ ဒေါသ၊ မာန ၊ မောဟ နဲ့ လောဘရဲ့စီးကြောင်းထဲ ငါ
မနစ်မျောချင်ဘူး။ ဖြူစင်တဲ့ မေတ္တာကို သောက်သုံးချင်တယ်။ ဟေး... အတ္တကို
တွယ်ဖက်ထားတဲ့ မင်းခန္ဒာမှာ လိုချင်နေတဲ့ ရမ္မက်တွေ ထူပြောနေတယ် အငယ်။
ငါကတော့ ငါ့ အပေါ် မြတ်နိုးခြင်း၊ ချစ်ခြင်းတွေ မထားနိုင်တဲ့ မင်းကို မျက်လုံး
စုံမှိတ်ပြီး နှစ်ခြိုက်ခဲ့တယ်။ ငါ နှစ်ခြိုက်မိတဲ့ မင်းဆီက အချစ်တွေက
သူတစ်ပါးဆီ အပ်နှံလိုက်တယ်လေ။ အဖြူရောင်တိမ်တိုက်ကို ဖက်တွယ်ပြီး
လိုရာခရီးကို နှင်ဖို့ ကြိုးစားတိုင်း မင်းရဲ့ အကြည့်တွေကို ငါ ခ,ယ
ခဲ့ရတယ်။ လွတ်လပ်စွာ ပျံသန်းဖို့ မင်းကိုယ်တိုင်
မပြတ်သားသေးတဲ့ကြိုးတစ်ချောင်းက ငါ့ကို ချည်နှောင်နေတယ်။ ညတွေ .... ညတွေ
.... မှောင်မိုက်ခဲ့တယ်။
အလင်းရောင်ကို တောင့်တဖူးတယ်။ ကြိုးရှည်ရှည်နဲ့ လှန်ထားမှန်းသိတဲ့ ငါက
ဘာကြောင့်များ လှည်ပြန်ကြည့်နေမိပါလိမ့်လို့ တွေးဖူးတယ်။ တကယ်တော့
မင်းသွားမယ့်လမ်းနဲ့ ငါလျှောက်မယ့် လမ်းက တခြားစီပဲလေ။ လောက
စည်းရိုးအတွင်းက လမ်းတွေ၊ ချောင်းတွေ ၊ မြောင်းတွေ အစရှိတဲ့
အတားအဆီးတွေကို  ငါ ဖြတ်ကျော်ခဲ့ဖူးတယ်။ မင်းနဲ့ ငါကြားက
အဖြူရောင်စည်းလေးကို ငါ မဖြတ်နိုင်ခဲ့ဘူးအငယ်။  တောင်တွေကို လက်မမြောက်၊
ဒူးမထောက်ဘဲ ဇွဲတွေနဲ့ တစ်တောင်ပြီးတစ်တောင် ကျော်ဖြတ်ခဲ့ဖူးတယ်။
ကြင်နာယုယမှုတွေ မဖြစ်ခဲ့တဲ့ ငါ့ရင်ခုန်သံတွေ ၊ မစားရတဲ့ အမဲ ၊
သဲနဲ့ပက်တတ်တဲ့ လူယုတ်မာအကျင့်ကို ငါ သုံးဖို့ စဉ်းစားခဲ့ဖူးတယ် ။
ငါမကြိုက်တဲ့ ၊ မနှစ်မြို့တဲ့ လူယုတ်မာ ၀သီကို သုံးလို့ ကော မင်းကို
ရပါမလားလို့လည်း တွေးဖူးတယ်။ နောက်ဆုံး ငါ တစ်သက်လုံး မနှစ်ခြိုက်တဲ့
လူယုတ်မာဝသီကို ငါ မသုံးခဲ့ပါဘူးအငယ်။ ငါ... ငယ်စဉ်ကတည်းက ပန်းတွေ
ပွင့်ပါစေ။ ပန်းတွေ လန်းပါစေ။ ငါ မပန်ရလို့ ငါ မပိုင်ရလို့
စိတ်မဆိုးဘူး။ ငါတန်ဖိုးထားတဲ့ပန်းက သူများလက်ထဲမှာ လန်းနေတာ ၊
မွှေးနေတာကို တွေ့ရရင် ကျေနပ်ပါတယ် အငယ်။ ငါတို့ဇာတ်လမ်းက မချိုပေမဲ့
ခါးသက်မှုလည်း မရှိခဲ့ပါဘူး။ တိတ်တဆိတ် ၀င်ရောက်လာတဲ့ မင်းအပေါ်
ချစ်ခင်နှစ်သက်မှုဟာ ငါ အပေါ် နှိပ်စက်လို့
သေလုမျောပါးဖြစ်နေတယ်ဆိုရင်တောင် ခါးစည်းပြီးခံလိုက်မယ်။ မင်းကို
မဖွင့်ဟချင်ဘူးအငယ်။ ငါကိုယ်တိုင် မင်းအပေါ် ဒေါသ ၊ လိုချင်တပ်မက်မှု
(ရမ္မက်) တွေ ဖြစ်ခဲ့ဖူးတယ် အငယ်။ အတတ်နိုင်ဆုံး မင်းမသိအောင်
ဖွတ်ထားခဲ့တယ်။ မင်း ယစ်မူးနေတဲ့ကောင်လေးဆီမှာ မင်းမျှော်လင့်ချက်တွေ
ရှိနေတယ်လေ။ မင်း ပျော်ရွှင်ပါစေ အငယ်။
အသည်းတွေ ဖျန်းဖျန်းကွဲလို့ ငါရူးသွားပါစေ။ မင်းကို ငါ
မကောင်းတဲ့ဝသီနဲ့တော့ မသိမ်းပိုက်ဘူးဆိုတာ မင်းယုံပါအငယ်။ ၀မ်းနည်းတာ ၊
ကြေကွဲတာတွေက အတားအဆီး မရှိ ၀င်ရောက်လာပေမဲ့ ငါ ကြိတ်မှိတ်ပြီး
ခံစားလိုက်မယ်။ ညနက်နက်မှာ ငါတစ်ယောက်တည်း ညည်းခြင်းတေးသွားတွေနဲ့
ငိုရှိုက်နေရတယ် အငယ်။ နှလုံးသားကိစ္စမှာ ဒဏ်ရာခပ်ပြင်းပြင်းလေးရခဲ့ပေမယ့်
ငါကိုယ်တိုင် ကြည်နူးဝမ်းမြောက်စွာ သိမ်းယူလိုက်ပါတယ်။
အရာရာတိုင်းကို ဂဏန်းတွေ ၊ အရွက်တွေနဲ့ ဖြေရှင်းလို့ မရဘူး အငယ်။
မင်းကိုယ်တိုင်သောက်သုံးခဲ့တဲ့ အတ္တတွေက မင်းကို လောင်မြိုက်ခြင်း
မရှိပေမဲ့ မင်းကို မျှော်လင့်နေသူတစ်ယောက်ကတော့ လောင်မြိုက်ခံလိုက်ရတယ်။
ငါကိုယ်တိုင်သုံးစွဲခဲ့တဲ့ ငါအတ္တက မင်းကို ခ,ယနေတာလားဆိုတာတော့
ငါကိုယ်တိုင် မသိခဲ့ဘူး အငယ်။ မိုးသည်းနေတဲ့ ကောင်းကင်အောက်မှာ ငါ
ကိုယ်တိုင် ထီးလေးတစ်ချောင်းကို မက်မောခဲ့ပေမဲ့ မရခဲ့ပါဘူးအငယ်။ အသည်းကွဲ
သီချင်းတွေကိုလည်း ငါ ဆိုညည်းနေတယ်။ တစ်ချိန်မှာ မင်းသောက်သုံးနေတဲ့
အတ္တနဲ့ မာနတွေကို စွန့်ပစ်နိုင်ပါစေအငယ်။  ငါ သုံးစွဲခဲ့တဲ့ အတ္တကိုတော့
ငါ ခ၀ါချခဲ့ပြီးပြီ။ ငါတို့နှစ်ယောက်ကြားက အဖြူရောင်စည်းလေးကို ငါ
တန်ဖိုးထားနေတတ်တယ်။ အဖြူရောင် စည်းလေးရဲ့ ၀င့်ဝါမှုကိုလည်း
ငါနှစ်ခြိုက်သွားပြီ။
လရောင်လည်း တောက်ပလာပြီ။
မိုးတိမ်တွေလည်းကင်းစင်လာပြီ ။
သည်းကြီးမည်းကြီး ၊ အငြိုးကြီးကြီးနဲ့ ရွာချတဲ့ မိုးလည်းတိတ်သွားပြီ။ ကြယ်လေးတွေလည်း လင်းလက်လာပြီ။
ငါ စိုက်နေတဲ့ သစ်ပင်၊ပန်းပင်တွေလည်း  လှပစွာဖူးပွင့်နေကြပြီ။
မင်းကိုယ်တိုင် ယစ်မူးခဲ့တဲ့ကောင်လေးကလည်း အခြားတစ်ယောက်ဆီကို ရောက်သွားပြီဆိုတာလည်း ငါကြားပါတယ် အငယ်။ မင်း ယုံကြည်ကိုးစားတဲ့ မင်းရဲ့ အလှ၊ မာန၊ အတ္တတွေကလည်းမင်းကို အမြင်ပြောင်းစေခဲ့တယ်လို့လည်း ငါ ကြားပါတယ်။ ဒါပေမဲ့ မင်းကိုယ်တိုင် တန်ဖိုးမထားခဲ့တဲ့ အရုပ်ကလေးတစ်ရုပ်ကတော့ တော်တော်လေးကို ထည်ဝါနေပြီလေ။ ငါတို့နှစ်ယောက်ကြားက အဖြူရောင်စည်းလေးကိုတော့ ငါ တန်ဖိုးထားတယ်။ မင်းလည်း တန်ဖိုးထားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ် အငယ်။ဘယ်တော့ ဘယ်တော့မှ မဖျက်စီးချင်ပါနဲ့တော့ အငယ်။
        ပေါင်းစည်းခွင့်ရတိုင်း မချစ်ကြဘူး။
        ချစ်တဲ့သူတိုင်း မညားကြဘူး။
        ဇာတ်ကားတွေလို မင်းသား မင်းသမီးတိုင်း မငြားစေချင်စမ်းပါနဲ့ အငယ်။
        တစ်ခုတော့ ပြောပါရစေ။
        နားလည်မှုဆိုတာ ပေါင်းစည်းခြင်းအတွက်
        ခွင့်လွှတ်၊ အနစ်နာခံမှုဆိုတာ သက်တမ်း(အချစ် ) ကြာဖို့ဆိုတာ.......

                                                                                                 ကျော်လှိုင်မင်း

No comments:

Post a Comment